စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်တဲ့အခါမှာ Marketing(ဈေးကွက်ဖော်ဆောင်ရေး) ဟာ အလွန်ကိုအရေးပါပါတယ်။ Marketing မရှိတဲ့ (သို့) အားနည်းတဲ့ လုပ်ငန်းတွေဟာ ရေရှည်တည်တန့်နိုင်ဖို့လည်း တော်တော်ကိုခက်ခဲပါတယ်။ ဒ့ါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့နဲ့ ရေရှည်တည်တန့်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Marketing နည်းစနစ်ကောင်းကောင်းတစ်ခုရှိဖို့ လိုအပ်တယ်ဆိုတာ ကိုတော့ ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံသား စာရေးဆရာနဲ့ ပါမောက္ခ တစ်ဦးဖြစ်တဲ့ မက်ခ် ခါးသေ (McCarthy) ဟာ ၁၉၆၀ ခုနှစ်မှာ marketing အတွက်အလွန်အရေးပါတဲ့ p လေးလုံးကို မိတ်ဆက်ခဲ့ပါတယ်။ ထို P လေးလုံးမှာ Product (ထုတ်ကုန်)၊ Price (ကုန်ဈေးနှုန်း)၊ Place (တည်နေရာ) နဲ့ Promotion (အရောင်းမြှင့်တင်ရေး) တို့ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်က Marketing မှာ P လေးလုံးနဲ့ အဆင်ပြေခဲ့ပေမယ့် နောင် နှစ်ပေါင်း ၂၀ ကျော်ကြာလာတဲ့အခါ(၁၉၈၁)မှာ Booms (ဘုဏ်မ်း) နဲ့ Bitner (ဘစ်တ်နာ) တို့က Marketing အတွက် အလွန်အရေးပါတဲ့ P (၇) လုံးကို ဖော်ပြခဲ့ပါတယ်။ ထို P (၇) လုံးနဲ့ သူတို့ရဲ့အသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်။
Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ P (၇) လုံး
၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု (Product)
၂။ ကုန်ဈေးနှုန်း (Price)
၃။ တည်နေရာ (Place)
၄။ အရောင်းမြှင့်တင်ရေး (Promotion)
၅။ ဝန်ထမ်းများ (People)
၆။ လုပ်ငန်းစဉ် (Process)
၇။ အခင်းအကျင်း (Physical Evidence)
၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု (Product)
မိမိလုပ်ငန်းမှ ထုတ်လုပ်ပြီး ဝယ်ယူ၊ သုံးစွဲသူ(Customer)များထံ ပေးတဲ့ဝန်ဆောင်မှု (သို့) ရောင်းချတဲ့ပစ္စည်းကို product လို့ခေါ်ပါတယ်။ Life ရေသန့်စက်ရုံကနေ ရောင်းချနေတဲ့ သောက်ရေသန့်ဗူးတွေဟာ product ဖြစ်သလို၊ TV channel တွေကနေ ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေ၊ ဝန်ဆောင်မှုတွေဟာလည်း Product တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့ သင့်လုပ်ငန်းရဲ့ Product တွေကို အရည်အသွေးပြည့်မှီပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
၂။ ကုန်ဈေးနှုန်း (Price)
ကုန်ဈေးနှုန်းဆိုတာကတော့ သင့် Product တွေကိုဝယ်ယူဖို့ Customer တွေကပေးရတဲ့ ငွေကြေးပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် Product တွေကို ကုန်ဈေးနှုန်းသတ်မှတ်ခြင်းဟာလည်း အရေးအကြီးဆုံးအချက်တွေထဲက တစ်ချက်ပါပဲ။ သင့် Product တွေကို Price အတိအကျသတ်မှတ်တော့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက် (၄) ချက်ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
(က) သင့် ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ အောင်မြင်မှု
( ခ ) Product ကို ဈေးနှိမ့်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေ
( ဂ ) Product ကို ဈေးမြှင့်ပြီး ရောင်းချနေတဲ့ လုပ်ငန်းတွေ
(ဃ) ဈေးကွက်မှာရှိတဲ့ လုပ်ငန်းအရေအတွက်
ဒီအချက်တွေကို သင့် Product အတွက် ဈေးမသတ်မှတ်ခင် ကြိုတင်သိထားသင့်ပါတယ်။
၃။ တည်နေရာ (Place)
တည်နေရာဆိုတာကတော့ သင့် လုပ်ငန်းတည်ရှိတဲ့ နေရာကိုဆိုလိုတာပါ။ သင့်လုပ်ငန်းအတွက် တည်နေရာရွေးချယ်ခြင်းဟာလည်း များစွာအရေးပါပါတယ်။ ဥပမာ – သင့်လုပ်ငန်းဟာ အင်္ဂလိပ်စာသင်တဲ့သင်တန်းတစ်ခု ဆိုပါစို့။ ထိုသင်တန်းကို လေ့လာသူတွေနဲ့နီးတဲ့၊ သွားလာရ လွယ်ကူတဲ့ နေရာမှာမဟုတ်ပဲ အလှမ်းဝေးပြီး၊ သွားလာရ ခက်ခဲတဲ့နေရာတွေမှာ သွားဖွင့်မယ်ဆိုရင် သင့်လုပ်ငန်းအောင်မြင်နိုင်ခြေ တော်တော်လေးကို နည်းပါတယ်။
၄။ အရောင်းမြှင့်တင်ရေး (Promotion)
အရောင်းမြှင့်တင်ရေးဟာလည်း စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ အခရာကျပါတယ်။ ဒါကြောင့်ပဲ လက်ရှိအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အောက်မှာဖော်ပြထားတဲ့ အရောင်းမြှင့်တင်ရေးနည်းလမ်းတွေထဲက အနည်းဆုံးတစ်ခုကို ကျင့်သုံးလုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။
(က) ကုန်ဈေးနှုန်းများကို အချိန်ကာလအလိုက် လျော့ချပေးခြင်း
( ခ ) လက်ကမ်းစာစောင်ပေးဝေခြင်း
( ဂ ) Social Media Marketing (Facebook, Instagram, etc..)
(ဃ) Search Engine Optimisation (Google, Yahoo, etc..)
( င ) Billboard တွေမှာ ကြော်ငြာခြင်း
( စ ) TV channel တွေမှာ ကြော်ငြာခြင်း
၅။ ဝန်ထမ်းများ (People)
Customer များထံ ဝန်ဆောင်မှုပေးခြင်းနဲ့သက်ဆိုင်တဲ့ ဝန်ထမ်းတွေကိုဆိုလိုတာပါ။ အရောင်းဝန်ထမ်း၊ Freelancer နဲ့ အကြံပေးတို့ ပါဝင်ပါတယ်။ လစ်လပ်နေတဲ့ အလုပ်နေရာအတွက် ဝန်ထမ်းတွေခေါ်တဲ့အခါ လူမှန်၊ နေရာမှန်ကျအောင် ခေါ်ယူတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ပညာရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပါ။ အရည်အချင်းပြည့်မှီပြီး၊ တာဝန်သိတတ်တဲ့ ဝန်ထမ်းတွေရှိမှသာ လုပ်ငန်းတိုးတက်မှု မြန်ဆန်စေမှာပါ၊ ပြိုင်ဘက် လုပ်ငန်းတွေကိုလည်း ကျော်တက်နိုင်မှာဖြစ်ပါတယ်။
၆။ လုပ်ငန်းစဉ် (Process)
လုပ်ငန်းမှ ထုတ်လုပ်တဲ့ Product တွေ Customer များထံ ရောက်အောင် ဆောင်ရွက်ရန် လိုအပ်တဲ့ အဆင့်တွေကို Process လို့ မှတ်သားနိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်ဟာတွေကိုလုပ်ရမလဲ၊ ဘယ်သူက ဘာတွေကိုတာဝန်ယူရမှာလဲ၊ ကုန်ပစ္စည်းတွေကို ဘယ်လိုပို့ကြမှာလဲ စသည်ဖြင့် လုပ်ရမယ့် အဆင့် တစ်ခုချင်းစီကို ဆိုလိုပါတယ်။ လုပ်ငန်းတစ်ခုချင်းစီကို ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် နေရာမှန်၊ လူမှန်နဲ့အလုပ်လုပ်ပြီး သတ်မှတ်ထားတဲ့ အချိန်မှာ တာဝန်ပြီးစီးရမှာလည်းဖြစ်ပါတယ်။
၇။ အခင်းအကျင်း (Physical Evidence)
သင့်လုပ်ငန်းရဲ့ ကုန်အမှတ်တံဆိပ်နဲ့ Product တွေကို လှလှပပ ခင်းကျင်းပြထားဖို့လည်း လိုပါတယ်။ ဥပမာ – သင့်မှာစားသောက်ဆိုင်ဖွင့်ထားရင် ထိုစားသောက်ဆိုင်ရဲ့အခင်းအကျင်းဟာ သန့်ရှင်းသတ်ရပ်ပြီး၊ စားသုံးသူတွေကို ဆွဲဆောင်နိုင်စွမ်းရှိရမယ်။ သင့်စားသောက်ဆိုင်အတွက် Social Media တစ်ခုခုမှာ ကြော်ငြာထည့်ရင်လည်း ထိုကြော်ငြာရဲ့ Design က ဆွဲဆောင်မှုရှိရမယ်၊ သင့်ပြိုင်ဘက်တွေထက် ကောင်းမွန်နေရမယ်။ Website ရှိရင် Website ကိုပါ အလှပဆုံးဖြစ်အောင် ပြင်ဆင်ထားရမယ်။
အပေါ်မှာ ဖော်ပြထားတာကတော့ ‘Marketing အတွက် မရှိမဖြစ်လိုအပ်တဲ့ P (၇) လုံး’ ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ သူငယ်ချင်းအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
0 Comments